Rocasea လို့ခေါ်တဲ့ မျက်နှာအရေပြားနီရဲခြင်း
မျက်နှာအရေပြားနီရဲလာရတဲ့ အကြောင်းရင်းများစွာ ရှိပါတယ်။ ဝက်ခြံတွေကြောင့် ရောင်ရမ်းနေတာ၊ Skin Care တွေ၊ မိတ်ကပ်တွေနဲ့ ဓာတ်မတည့်တာစတာတွေကြောင့်အပြင် Rosacea လို့ခေါ်တဲ့ အရေပြားပြဿနာကြောင့်လည်း မျက်နှာက နီရဲလာတတ်ပါတယ်။
Rosacea ဟာ မျက်နှာမှာပဲ အဓိက ဖြစ်တတ်ပြီး အသားဖြူတဲ့ဖျော့တဲ့သူတွေမှာ ပိုအဖြစ်များပါတယ်။ အမျိုးသမီးတွေမှာ ပိုအဖြစ်များပေမယ့် အမျိုးသားတွေမှာ ဖြစ်ရင် ပိုမိုဆိုးဝါးလေ့ရှိပါတယ်။
Rosacea ဖြစ်ရင်…
- နှာခေါင်း၊ ပါးပြင်၊ နဖူးနဲ့ မေးစေ့တွေမှာ အရင်ဆုံးနီရဲလာပြီး ပေါ်လာလိုက် ပျောက်သွားလိုက် ဖြစ်နေတတ်တာ (အသားမည်းတဲ့သူတွေမှာ အရမ်းမသိသာပါ)
- ပိုဆိုးလာရင် နီရဲတာက တောက်လျှောက်ဖြစ်နေတော့တာ
- မျက်နှာသစ်ရင်၊ Skin Care လုပ်ရင် ပူပြီး စပ်ဖျင်းဖျင်း ဖြစ်နေတာ
- အသားခြောက်လာတာ
- မျက်လုံးတစ်ဝိုက် ရောင်းရမ်းပြီး မျက်ခွံတွေ နာနေတာ
- နှစ်တွေကြာလာတဲ့အခါ အရေပြားက ထူလာတာတွေ ဖြစ်နိုင်ပါတယ်။
အထက်ပါ လက္ခဏာတွေအပြင် မျက်စိနာ၊ မျက်လုံးတွေပါ နီရဲလာရင်၊ အမြင်ဝါးလာရင်၊ မျက်စိက ခုလုခုလုဖြစ်နေရင်၊ အလင်းရောင်ကို မကြည့်နိုင်ရင် မျက်ကြည်လွှာပါရောင်လာတာ ဖြစ်နိုင်လို့ ဆရာဝန်နဲ့ ချက်ချင်းပြသင့်ပါတယ်။ အချိန်မီ မကုသရင် အမြင်အာရုံ ထိခိုက်နိုင်ပါတယ်။
- အရက်၊ ကော်ဖီနဲ့ အပူတွေ သောက်ရင်
- အပူအစပ်နဲ့ ချိစ်တွေ စားရင်
- အေရိုးဗစ်လို ချွေးထွက်များတဲ့ လေ့ကျင့်ခန်းတွေ လုပ်ရင် ပိုဆိုးလာတတ်ပါတယ်။
Rosacea ဟာ မကုသရင် ပိုပြီးဆိုးလာနိုင်ပါတယ်။
ကုသမှုအနေနဲ့ သင့်တော်တဲ့ ပိုးသတ်ဆေးခရင်မ် (Metronidazole, Tetracycline, Doxycycline စသည်) ကို ဆရာဝန်ညွှန်ကြားချက်ဖြင့် တစ်လခွဲကနေ လေးလခွဲခန့်ထိ လိမ်းရပါမယ်။
Rosacea ဟာ ထိတွေ့ရာက မကူးစက်နိုင်သလို တစ်ကိုယ်ရေသန့်ရှင်းမှု အားနည်းတာကြောင့် ဖြစ်တဲ့ ရောဂါလည်း မဟုတ်ပါဘူး။
ပိုဆိုးမလာဖို့အတွက် ဆိုရင်…
- SPF အနည်းဆုံး 30 ပါတဲ့ Suncream နေ့စဥ်လိမ်းပါ
- Skin Care အတွက် အပျော့စား ထုတ်ကုန်တွေသာ ရွေးချယ်ပါ
- အေးတဲ့ ရာသီဥတုတွေမှာ မျက်နှာကို ကာကွယ်ထားပါ
- အပူ၊ နေရောင်ခြည်နဲ့ စိုစွတ်တဲ့ ပတ်ဝန်းကျင်ကို ရှောင်ပါ
- အပူအစပ်စားတာ၊ အပူတွေ သောက်တာ၊ အရက်၊ ကော်ဖီသောက်တာ ရှောင်ပါ
- လေ့ကျင့်ခန်း အပြင်းအထန်လုပ်တာ ရှောင်ပါ။
Rosacea ဟာ ဘာကြောင့် ဖြစ်တယ်ဆိုတာ အတိအကျ မသိရသလို လုံးဝပျောက်ကင်းပြီး ပြန်ပေါ်မလာအောင် ကုသလို့လည်း မရပါဘူး။ ဒါပေမယ့် ရောဂါလက္ခဏာတွေ ပြန်မဖြစ်အောင်တော့ လုပ်လို့ရတာမို့ rosacea ဖြစ်လာခဲ့ရင်လည်း စိတ်မညစ်ဘဲ အရေပြားဆရာဝန်နဲ့ ပြသပြီး ကုသမှုခံယူဖို့ အကြံပေးလိုက်ပါတယ်။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ဒေါက်တာ ယဉ်ရွှေရည်